ဘ၀လမ်းညွန် တို့ကျောင်းတော်

Monday, April 14, 2014

စတိတ်နေ့ရက်များ(၁၇) by ko myat shein

စတိတ်နေ့ရက်များ(၁၇)
၈တန်းအရောက်မှာ လံကွပ်တီ မ၀တ် ၊မျက်မှန်ဝိုင်း မတပ်၊အဟိံသ လမ်းးစဉ်
မကျင့်၊ဆားမချက်တဲ့ မဟုတ်သရုပ် ဂန္ဒီနဲ့ အပေါင်းအသင်း ဖြစ်ခဲ့ရတယ်။
တကယ်တော့ သူ့နာမည်ရင်းက သန်းနိုင်ပါ။ ဒါပေမဲ့ မဟုတ်သရုပ်မှာ ပီပြင်လွန်းတော့ အားလုံးက သူ့ကို မဟုတ်သရုပ် ဂန္ဒီလို့ မှည့်ခေါ်ကြတယ်။
ကမ္ဘာ့သမိုင်းမှာ အန္ဒိယ လွတ်လပ်ရေး ဖခင်ကြီး မဟတ္တမ ဂန္ဒီ အကြောင်း သင်ကြားရတိုင်း တစ်ခန်းလုံးမှာ တစ်ယောက်တည်းရှိတဲ့ ဟိန္ဒူလူမျိုး သန်း
နိုင်ကို "မင်းတစ်ကိုယ်လုံးမှာ ဂန္ဒီ နဲ့တူတာဆိုလို့ အသားမည်းတာ တစ်ခုပဲ ရှိတယ်"လို့ ကျွန်တော်တို့က နောက်ပြောင်လေ့ ရှိပါတယ်။ ဒီငတိက ဇာတ်နိမ့်လား ဇာတ်မြင့်လား သူကိုယ်တိုင် မသိပေမဲ့ ဘ၀င်တော့ တော်တော် မြင့်တဲ့ကောင်။ အထူးသဖြင့် မဟတ္တမ ဂန္ဒီနဲ့ အသား
မည်းတာခြင်း တူတယ်လို့ အတင်စား ခံရတဲ့အချိန်က တည်းကပေါ့။တစ်ခါက စိုးသန့်က ဒီလောက် ဘ၀င်မြင့်တဲ့ ကောင်မှတ်လောက် အောင် ပညာပေးလိုက်မယ် လို့ ကျောင်းလွတ်ခါနီးမှာ မဟုတ်သရုပ် ဖိနပ်ကို သွားဝှက်ထားလိုက်တယ်။
ဂန္ဒီကြီး လိုများ ကိုယ့်အတွက် အသုံးမ၀င်တော့တဲ့ ဖိနပ်တစ်ဖက် ကို ကောက်ရတဲ့သူ အကျိုးရှိအောင်များ အခန်းပြင်ကို လွှင့်ပစ်မလားလို့ပေါ့။
ဘာပြောကောင်းမလဲ။မဟုတ်သရုပ်ကြီး ပါးစပ်က ပွစိပွစိ နဲ့ စိုးသန့်ကို
ဆီမန်းမန်း သလို ကျိန်ဆဲနေလိုက်တာများ...
"ငါ့ဖိနပ် ၀ှက်ထားတဲ့ကောင် ချီးကားတိုက်သေပါစေ"
"ငါ့ဖိနပ် ၀ှက်ထားတဲ့ကောင် နောက်ဘ၀မှာ ချီးစားခွေး ဖြစ်ပါစေ"
"ဒီကောင်မှာနှမရှိရင် နှမ၊ ရည်းစားရှိရင် ရည်းစား ငါနဲ့ ညားပါစေ" တဲ့။
နောက်ဆုံးမှာ စိုးသန့်လို ငတိကတောင် တောင်းတောင်းပန်ပန် နဲ့ မဟုတ်သရုပ် ကြီးရဲ့ ဖိနပ် ပြန်ယူပေး ရတယ်။ သူ့မှာက ညီမတွေ အများကြီး
ရှိတာကိုး။ အလားတူပဲ အမည်ကြောင့် နောက်ပြောင် ခံရသူတွေ ရှိပါသေးတယ်။သူ့နာမည်က "လွင်လွင်စီ"ပါ။ဝိဇ္ဖာ/သိပ္ပံ မခွဲတဲ့ စနစ်ဟောင်း
ကိုးတန်းမှာ ကျွန်တော်တို့ Phy+Chemကို တစ်ဘာသာ သင်ရတယ်။ Chemဆရာမက ကျော်မိုးရှိန် တို့အမေ ဒေါ်ကြည်ကြည်ပါ။ဆရာမ အချိန်ရောက်တိုင်း Chem Equa တွေကို ဗေလင်စီ ညှိကြ လို့ ဆရာမက ပြောလိုက်တိုင်း ကျွန်တော်တို့က သံသေးသံကြောင်နဲ့ လွင်လွင်စီ
ညှိမယ်လို့ လိုက်နောက်ပြောင် တတ်ပါတယ်။ ဒါကြောင့် Chemistry အချိန်ရောက်တိုင်း လွင်လွင်စီ တစ်ယောက် နှင်းဆီဖူးလေးလို နီရဲနေတဲ့
သူ့သန္တာရောင် နှုတ်ခမ်းလေးကို တင်းနေအောင် စေ့ထားပြီး ကျွန်တော်တို့ နောက်ဆုံးတန်းကို မျက်စောင်းတခဲခဲနဲ့။
အထက(၃)မှ သူငယ်ချင်းများကို သတိရလျက် ။ ။

`စတိတ်နေ့ရက်များ(၂)´ by ko myat shein

`စတိတ်နေ့ရက်များ(၂)´ 

တစ်လောက မထင်မှတ်ပဲ ကျောင်းထဲ ပြန်လည်ရောက်ရှိ ခဲ့ပါတယ်။ နှစ်ပေါင်းနှစ်ဆယ်ကျော် ကြာမှ တစ်ကြိမ် ပြန်လည်ရောက်ရှိခဲ့ပေမယ့် ကျောင်းတော်ကြီးဟာ ထူးထူးခြားခြား ဘာမှပြောင်းလဲမသွားဘူး။ကျွန်တော်တို့သာ အချိန်ကာလ
တိုက်စားမှုအောက်မှာ နုနယ်ပျိုမျစ်ခြင်းတွေ စတေးခဲ့ရတယ်။ ဒီနေ့က ကျွန်တော့်မှာ ကင်မရာလေးတစ်လုံး အသင့်ပါလာတယ်။
ဖွင့်ထားတဲ့ ဂိတ်ပေါက်က ကျောင်းထဲကို အညှို့ခံလိုက်ရသူလို ကျွန်တော် ၀င်ရောက်သွားပါတယ်။ ဒီနောက် ကျွန်တော့် ကင်မရာက
လျှပ်စီးလက်သလို မီးတွေ တဖျတ်ဖျတ် ပွင့်ကုန်ပါတယ်။ ကျွန်တော် သူငယ်တန်းက ဆယ်တန်းထိ တက်ရောက်ခဲ့တဲ့ အခန်းတွေ၊
အပျိုရည်မပျက်သေးတဲ့ ဘတ်စကက်ဘောကွင်းဟောင်း၊မကြာခဏ မတ်တပ်ရပ် ပြစ်ဒဏ်ပေးခံရတဲ့ ကျောင်းရှေ့ကအလံတိုင် နဲ့
ကျောင်းမြောက်ဘက်က တံတိုင်းကြီး။ ဒီရှစ်ပေလောက်မြင့်တဲ့ တံတိုင်းကြီးကို ကျွန်တော်တို့က ဘာလင်တံတိုင်းကြီးလို့ အမည်ဝှက်ပေးထားကြတယ်။ တံတိုင်းကြီးရဲ့ အပြင်ဘက်ကတော့ အနောက်ဂျာမနီ(သို့)လွတ်မြောက်နယ်မြေပေါ့။ ကျွန်တော်တို့ခေတ်က
ကျောင်းပြေးရင် ဒီတံတိုင်းကြီးပေါ်က ခုန်ချကြတာပဲ။ဒီလို ခုန်ချတဲ့အခါ အကျမနာစေဖို့ အမျှော်အမြင်ရှိတဲ့ ကျောင်းသားကြီးတွေက
တံတိုင်းအောက်မှာ ကောက်ရိုးတွေ၊လွှစာမှုန့်တွေ ခင်းပေးထားကြပါတယ်။ များမကြာမီ ဒီသတင်းဟာ ဘယ်သူ့ဆီက၊ဘယ်လိုပေါက်ကြား
သွားသလဲမသိဘူး၊ဘာလင်တံတိုင်းကြီးတစ်လျှောက် ဆရာကြီးက သံဆူးကြိုးအထပ်ထပ် ကာရံလိုက်ပါတယ်။ဝေးကြပြီပေါ့ အနောက်ဂျာမနီ။
ဒီနေ့ကကျွန်တော် ဘာလင်တံတိုင်းကြီး ကိုရှုထောင့်ပေါင်းစုံက ပုံပေါင်းမြောက်များစွာ ရိုက်နေမိပါတယ်။ ဒီအချိန်မှာ မိုကောင်းကင်တစ်ခွင်လုံး တိမ်ညစ်ညိုတွေ တလိမ့်လိမ့် တက်လာတယ်။ လက်ပတ်နာရီကို ငုံ့ကြည့်လိုက်တော့ ညနေ သုံးနာရီခွဲတိတိ။
အလို...ကျောင်းဆင်းချိန်တောင်ရောက်ပြီပဲ။ ဦးထွန်းကြည်တစ်ယောက် ခေါင်းလောင်းထိုးဖို့မေ့များမေ့နေပြီလားမသိ။

`စတိတ်နေ့၇က်များ(၂၂)´by ko myat shein

`စတိတ်နေ့၇က်များ(၂၂)´
ကျနော်တို့ ပညာ၇င်နို့ သောက်စို့ခဲ့ကြတဲ့ အထက(၃) ကျောင်းကြီးဟာ မူလက
တရုတ် အမျိုးသား အလယ်တန်း ကျောင်း တစ်ကျောင်းပါ။ တရုတ်လို ဟွာကျောင်ကုန်အို့ (အသံထွက် အနည်းငယ် လွဲချင်လွဲ နိုင်ပါတယ်) လို့ ခေါ်ပါတယ်။ ပင်မ ဂိတ်ပေါက်ကြီးက နေ၀င်လိုက်ရင် ညာဘက် သုံးထပ်ကျောင်းဆောင်ကြီးက ၁၉၅၉၊ ဘယ်ဘက်ကျောင်းဆောင် ကြီးက ၁၉၆၀နဲ့ အလယ်တည့်တည့် ကျောင်းဆောင်ကြီးက ၁၉၆၁ မှာ ဆောက်လုပ်ပြီးစီး ခဲ့ပါတယ်။ ၁၉၆၂ မှာ ဗိုလ်ချုပ်နေ၀င်းရဲ့ စစ်တပ်က အာဏာ
သိမ်းခဲ့ပြီး ၁၉၆၅ခုနှစ်မှာ ဒီကျောင်းကို ပြည်သူပိုင်သိမ်းပြီး အစိုးရ အထက်တန်းကျောင်း ပြုလုပ်ခဲ့ပါတယ်။ မူလက အလယ်တည့်တည့် သုံးထပ်
ကျောင်းဆောင်ရဲ့ အမိုးပေါ်မှာ ကြယ်ကြီး တစ်လုံးရှိပါတယ်။ မော်စီတုံးကို ကိုယ်စားပြုတဲ့ သင်္ကေတ တစ်ခုပေါ့။ ဒါပေမဲ့ ပြည်သူပိုင် သိမ်းပြီးမှ မဆလ ပါတီဝင် တချို့က ပါတီအမိန့်နဲ့ ဒီကြယ်ကြီးကို ဖြုတ်ချခဲ့ကြပါတယ်။
ဒီကျောင်းဟာ တရုတ်အမျိုးသား ကျောင်း ဖြစ်ခဲ့ဖူး လို့လားမသိဘူး၊ဘတ်စကက်ဘောကွင်းရှိတယ်။ဒါ့အပြင် သုံးထပ်ကျောင်းဆောင် ရဲ့ အောက်ဆုံးထပ်က တချို့ အခန်းတွေမှာ တရုတ်ဘာသာနဲ့ ရေးထိုးထားတဲ့ ကျောက်ပြားတွေတောင် ရှိသေးတယ်။ဒီကျောက်ပြားတွေကို အခုတော့ ဆေးပြန်ချယ်ပေးထား တာတွေ့ရတယ်။
ဒီ အထက(၃) ရာဇ၀င်ကို ကျနော့်အိမ် တစ်အိမ်ကျော်မှ Physic ဆရာမ ဒေါ်တင်တင်မြင့် အား မေးမြန်းရေးသားပါတယ်။

`စတိတ်နေ့ရက်များ(၄)´ by ko myat shein

`စတိတ်နေ့ရက်များ(၄)´
စုစုပေါင်း ကျောင်းသား ၅၁ ဦးရှိတဲ့ ကျွန်တော်တို့ န၀မတန်း(c)ရဲ့ တန်းစီဇယားမှာ ထိပ်ဆုံးသုံးသင်း
ရှိတယ်။
(၁)မြတ်ရှိန်
(၂)၀င်းဇော်(ဘိန်းစား)
(၃)မျိုးညွန့်(နှပ်ချေး)တို့ဖြစ်ကြပါတယ်။ဒီသုံးဦးကို ဆရာတွေက အခုလိုပညတ်ပါတယ်။ပြုတ်မနူးကိုယ်တော်တွေ´တဲ့။ဘယ်လပတ်အစမ်း စာမေးပွဲ ပဲဖြေဖြေ ပြုတ်မနူး ကိုယ်တော်တွေက
တော့ ဇယားအောက်ခြေ ဒုတ်ဒုတ်ထိ ရောက်နေတာက များပါတယ်။ဒါအပြင် ဘယ်ဆရာစာမေးမေး
ပြုတ်မနူးတွေကတော့ တစ်တန်းလုံးထက် နှာတစ်ဖျား၊ဆံချည်တစ်မျှင်၊ ခေါင်းတစ်လုံး တင်မက
တစ်ကိုယ်လုံး မြင့်နေတာက များတယ်။ခုံပေါ်တက်မတ်တပ်ရပ်နေရ တာကိုဆိုလိုတာပါ။
အဲ...မဟုတ်မဟတ် ကြံစည်ရာမှာတော့ ကျွန်တော်တို့ သုံးဦးဟာ သဘာဝခေါင်းဆောင်တွေပါပဲ။
ဥာဏ်နီ ဥာဏ်နက်တင်မက ဥာဏ်ပြာ ဥာဏ်ဝါတွေပါထွက်တယ်။ကျောင်းပြေးနည်းပေါင်းစုံကိုဆရာမရှိဘဲ အလိုလို တတ်မြောက်ကြတယ်။ရည်းစားစာ အငှါးရေးပေးတယ်။ လက်ဖက်ရည်တစ်ခွက် တိုက်ရင် ရီပို့ကတ်မှာ လက်မှတ်တု ထိုးပေးတယ်။မိဘ အခေါ်ခံရတဲ့ ငတိတွေကို စံဟိုင်းဆံသ ကဆံပင်ညှပ်ဆရာ ဦးမောင်ဝင်းနဲ့ဆက်ပေးတယ်။အဲ...ဆရာတို့မည်သည် စာအတော်ဆုံး တပည့်တွေနည်းတူ အဆိုးဆုံးတပည့်တွေကိုချစ်စမြဲမို့
ကျွန်တော်တို့ပြုတ်မနူးသုံးဦးကို စာတော်တဲ့ ကျော်မိုးရှိန်၊သန်ဦး၊တိုးတိုးလွင်တို့နည်းတူ ချစ်ခင်ဂရုစိုက်ကြပါတယ်။ စတိတ်ကျောင်းသားဘ၀ တစ်လျှောက် မှတ်မှတ်ရရ အရှိဆုံး ဆရာမ
တစ်ဦးကတော့ ၁၀တန်း(D)အတန်းပိုင်ဆရာမ ဒေါ်နုနုကြည်(ယခုကွယ်လွန်)ပါပဲ။ဆရာမဟာ
စာတော်တဲ့ကျောင်းသားတွေထက် ကျွန်တော်တို့လို ဆိုးတဲ့ကျောင်းသားတွေကို ပိုချစ်ခင်ဂရုစိုက်ပါတယ်။ သားဆိုးမိခင်လို ကျွန်တော်တို့အနွံအတာခံပါတယ်။စာမေးပွဲနီးရင် အိမ်မှာစာခေါ်သင်ပေးပြီး ရှိသမျှ မုန့်အကုန်ချကြွေးတော့တာပါပဲ။ဒါတွေအပြင် ဆရာမဟာ ကျွန်တော်တို့ကို ဘယ်သောအခါမျှ ဆဲဆိုကြိမ်းမောင်းခြင်း မရှိသလို ဘယ်သောအခါမျှ ကြိမ်းလုံး
ကိုင်လေ့မရှိပါဘူး။ဆရာမဟာ ကျောင်းစာသင်ခန်းကို လယ်ကွင်းလို့သဘောမထားသလို တပည့်တွေကိုလည်း ထွန်တုံးတင်ထားတဲ့ နွားတွေလို ကြိမ်နဲ့ မောင်းမှရမယ်လို့ယူဆပုံမရပါဘူး။ဒီအပြင် ဆရာမဟာ သူ့ကိုယ်ရေးကိုယ်တာကိစ္စ တွေကို ကျောင်းစာသင်ခန်းထဲ ယူမလာသလို
သူ့တပည့်တွေရဲ့ စာသင်ခန်း ပြင်ပက ကိုယ်ရေးကိုယ်တာကိစ္စတွေကို တတ်နိုင်သလောက် ၀င်ရောက်ဖြေရှင်းပေးလေ့ရှိပါတယ်။အခုတော့ကျွန်တော်တို့ဆရာမ ကွယ်လွန်ခဲ့ပါပြီ။ဒါပေမဲ့
ကျွန်တော်တို့မှတ်ဥာဏ်ထဲမှာရော၊ နှလုံးသားထဲမှာပါ ဆရာမဟာ ထာဝရ.....။

`စတိတ်နေ့စွဲများ(၃)´ by ko myat shein

`စတိတ်နေ့စွဲများ(၃)´

ကျောင်းစောင့်ကြီး ဦးထွန်းကြည် အမြဲ ပြောလေ့ရှိတဲ့ စကားလေး တစ်ခွန်းရှိတယ်။
`မင်းမြဲမြဲမှတ်ထား၊ ပြင်သစ်ဘုရင်တွေ အများကြီး၊ဗော်လတဲယားက တစ်ယောက်တည်း´တဲ့။
ဒီစကားပြောတိုင်း ဦးထွန်းကြည်ရဲ့ မျက်လုံးတွေဟာ အရောင်တောက်ပ လာသလို ပါးစပ်မှာခဲထားတဲ့ ဆေးပြင်းလိပ် မီးဟာလည်းရဲလို့။
ပြောလည်းပြောလောက်စရာပါပဲ။ ကျွန်တော် သူငယ်တန်းကျောင်းသား ဘ၀ကနေ ဆယ်တန်းရောက်တဲ့အထိ ကျောင်းအုပ်ကြီးနှစ်ယောက်(ဆရာကြီးဦးမြင့်နဲ့ ဦးသန်းကြွယ်) ပြောင်းခဲ့ပေမယ့် ကျောင်းစောင့်ကြီးဦးထွန်းကြည်ကတော့ နေမြဲပဲ။ မနက်တိုင်း ဂိတ်တံခါးဖွင့်မြဲဖွင့်လျက်၊တံမြက်စည်း
လှဲမြဲလှဲလျက်၊ဆေးပြင်းလိပ် ခဲမြဲခဲလျက်၊မလျှော်မဖွတ်တာကြာလို့ ကြေးအထပ်ထပ် တက်နေတဲ့ ကက်ဦးထုပ်တစ်လုံးကို ဆောင်းမြဲဆောင်းထျက်၊ကျောင်းတက်ချိန်ဆို ဂိတ်တံခါး ၃ပေါက်အနက် ညာအစွန်ဆုံးဂိတ်တံခါးအနီးက ဂိတ်စောင့်တဲလေးမှာ ငိုက်မြည်းမြဲ ငိုက်မြည်းလျက်ပါပဲ။တကယ်တော့ ဦးထွန်းကြည်ဟာ နေပူပူ မိုးရွာရွာ ဘယ်တော့မှ တာဝန် မပျက်ကွက်တဲ့ အထက(၃)ရဲ့ မာန်အောင် တံခါးမှူးတစ်ဦးပါပဲ။ ဆရာကြီးတွေ၊ဆရာ/ဆရာမတွေ၊ကျောင်းသူ/သားတွေဝင်လာလိုက်
ထွက်သွားလိုက်နဲ့အစိုးမရ ဖြစ်ကောင်းဖြစ်မယ်။ဦးထွန်းကြည်ကတော့ ပန်းပန်လျက်ပါပဲ။ မှတ်မိပါသေးတယ်။ တစ်ခါက ဘာလင်တံတိုင်းကြီးကို ကျော်တက်ပြီး အနောက်ဂျာမနီမှာ ပညာရေးခိုလှုံခွင့်တောင်းမလို့လုပ်တုန်းပေါ့။တံတိုင်းကြီးပေါ် ဖက်တက်နေရုံ ရှိသေးတယ်။`ဟေ့ကောင်...မင်းဘာလုပ်တာလဲ၊အခုဆင်းခဲ့စမ်း´လို့ နောက်ကနေ တစ်စုံတစ်ယောက် လှမ်းအော်လိုက်တယ်။
ဆရာကြီးဦးသန်းကြွယ်များလားလို့ ဒိတ်ခနဲဖြစ်သွားပြီးလှည့်ကြည့်လိုက်တော့ ဦးထွန်းကြည်ဖြစ်နေပါရော။ ဒါနဲ့ ကျွန်တော်လည်း ကြောက်ကြောက်နဲ့`ကျ...ကျွန်တော် ဗိုက်အရမ်းဆာနေလို့ လက်ဖက်ရည်ဆင်း သောက်မလို့ ပါခင်ဗျား´လို့ စွတ်ပြောချလိုက်တော့ ဦးထွန်းကြည်က `အေးကွ...ငါလည်း လက်ဖက်ရည်သောက်ချင်နေတာနဲ့ အတော်ပဲ။..မင်းပြန်လာရင် ငါ့အတွက်ပါဆယ် ဆွဲခဲ့၊ရော့...ပိုက်ဆံယူသွား´ဆိုကာမှ သက်ပြင်းချနိုင်ပါတော့တယ်။
သူငယ်ချင်းကြည်စိုး၏ ဖခင် တံခါးမှူးကြီး ဦးထွန်းကြည်အား သတိရလျက်။

`စတိတ်နေ့၇က်များ(၁၉)´by ko myat shein

`စတိတ်နေ့၇က်များ(၁၉)´
ကျွန်တော့် စတိတ်ကျောင်းဥား ဘ၀တစ်လျှောက် ကျောင်းအုပ်ဆ၇ာကြီး နှစ်ဦးနဲ့
ကြုံဆုံ ခဲ့ရတယ်။ ဆရာကြီး ဦးမြင့်နဲ့ ဆရာကြီး ဦးသန်းကြွယ်။ ဆရာကြီး ဦးမြင့်က သဘောကောင်းပြီး အေးဆေးတယ်။ ကျွန်တော်တို့ အလယ်တန်းရောက်တော့ မြို့နယ်ပညာရေး မှူးအဖြစ် ရာထူးတိုး လေတော့ ဆ
ရာကြီး ဦးမြင့်နေရာကို ဆရာကြီး ဦးသန်းကြွယ် ရောက်ရှိလာတယ်။ နောက်ရောက် လာတဲ့ ဆရာကြီး ဦးသန်းကြွယ်က စကားနည်းတယ်၊ စည်းကမ်းကြီးတယ်၊ လက်သီးပြင်းတယ်။ ဒါတွေအပြင် ခပ်တည်တည်နဲ့ နောက်ပြောင် ရာမှာ နှစ်ယောက် မရှိဘူး။ တစ်နေ့ ဆရာကြီး ဦးသန်းကြွယ်က ဆရာမ တွေကို သူ့ ထိုးမြဲလက်မှတ် လိုက်ပြတယ်။ သန်း ဆိုတဲ့ စာလုံးကို ခပ်သော့သော့ ရေးထားပြီး နံဘေးမှာ ကြယ်တစ်လုံးနဲ့၊ ကြယ်အောက်ခြေမှာ
ဝလုံး တစ်လုံးရေးဆွဲ ထားပါတယ်။ ဆရာမတွေက ပထမ စာလုံးကို `သန်း´
မှန်းသိကြပေမယ့် နောက်က ကြယ်ပုံနဲ့ အောက်ခြေက ၀လုံးကဘာကို ရည်ညွန်းမှန်း မသိဘူး။ဒါကြောင့် ဆရာကြီးကို မေးတော့ ဆရာကြီးက ဆရာမတွေ ကို ကြယ်ကို ဘယ်လို စာလုံးပေါင်းရသလဲ လို့ မေးပါတယ်။
ဆရာမတွေက`ကကြီးရရစ် ယပက်လက် သတ်နဲ့ ပေါင်းပါတယ်ဆရာကြီး´ ဆိုတော့ ဆရာကြီးက `အေး...ဒီကြယ်အောက်မှာ ၀ဆွဲ ထည့်လိုက်တော့
ကြွယ်ဖြစ်ရော မဟုတ်လား၊ဒါကြောင့် ဒီဆိုင်းရဲ့ အဓိပ္ပါယ်က သန်းကြွယ် ပေါ့ဆရာမတို့´ လို့ ခပ်တည်တည် နဲ့နောက်ပါတယ်။
နောက်ရှိသေးတယ်။ ဗိုလ်မှူးသန်းဌေး မ၀တ ဥက္ကဌ အဖြစ် ဘိတ်မှာ တာဝန်ကျ ခဲ့စဉ်ကပေါ့။ တစ်နေ့ ဗိုလ်မှူးသန်းဌေးက သူ့မိတ်ဆွေ ဆရာကြီး ဦးသန်းကြွယ်
အိမ်ကို သွားရောက်လည်ပတ်သတဲ့။ဆရာကြီး ဦးသန်းကြွယ်က ဗိုလ်မှူး သန်းဌေးကို ဧည့်ခန်းထဲ ထိုင်ခိုင်းထားပြီး သူ့အိမ်ရှေ့က ပန်းအိုးတွေကို အိမ်ထဲ
ရွှေ့ သတဲ့။ ဒီတော့ ဗိုလ်မှူး သန်းဌေးက မနေနိုင် မထိုင်နိုင် `ကိုသန်းကြွယ်ရာ... ခင်ဗျားပန်းအိုးကို ဘယ်သူကလာခိုး မှာမို့ အိမ်ထဲ သယ်သွင်းနေရတာတုန်း´ လို့ ပြောတော့ ဆရာကြီး ဦးသန်းကြွယ်က `မသိ
ပါဘူးဗျာ...ဒီခေတ်မှာ တချို့ လူတွေ မြေမှန်သမျှ လိုက်သိမ်းနေတယ် ကြားလို့
တော်ကြာ ကျုပ်ပန်းအိုးထဲက မြေပါ နေရင်းထိုင်ရင်း အသိမ်းခံ ရမှာစိုးလို့ပါ´လို့
အတည်အပေါက် ကြီးနဲ့ လှမ်းရိသတဲ့။ တတ်လည်း တတ်နိုင်တဲ့ ဆရာကြီး။ သူမို့
အပင်ပန်းခံပြီး များနောက်ပြောင်ရတယ်လို့။
သြော်....လွမ်းရတဲ့ ဆရာတွေ....။

`စတိတ်နေ့ရက်များ(၂၃)´ by ko myat shein

`စတိတ်နေ့ရက်များ(၂၃)´
ဒီဘက်ခေတ် ကလေးတွေ ကြီးပြင်းလာ တဲ့အခါ ဘယ်လိုနေမလဲ တော့မသိဘူး။ ကျနော်တော့ ဒီအသက်အရွယ်ထိ ကိုယ့်ငယ်ဆရာတွေကို လေးစားနေဆဲပါပဲ။တစ်ခါတရံ ဆေးလိပ်သောက်နေရင်း ကိုယ့်ဆရာတွေ တွေ့ရင် ဆေးလိပ်ကို ၀ှက်တန်ဝှက်၊ ပစ်ချတန် ပစ်ချရတာပါပဲ။အထူးသဖြင့်
ဆေးလိပ်သောက်နေတုန်း ပက်ပင်း အတိုးမိဆုံး ကတော့ ကျနော့် အဒေါ် အင်္ဂလိပ် ဆရာမ ဒေါ်ကြွေနဲ့ တစ်အိမ်ကျော် မှာနေတဲ့ Physic ဆရာမ ဒေါ်
တင်တင်မြင့် ပါပဲ။ အိမ်မှာတောင် ဆေးလိပ်သောက်တဲ့ ကျနော်ဟာ ဒီဆရာမတွေရှေ့ ရောက်လို့ကတော့ အဖြူအစိမ်းဝတ် ကျောင်းသားလေး တစ်ယောက်ပြန်ဖြစ်သွားပါတော့တယ်။ ကြောက်တာတော့ မဟုတ် ဘူးပေါ့၊လေးစားတာ၊အရိုသေ မတန်ချင်တာပါ။ ဆေးလိပ်သောက်တာနဲ့ ပတ်သက်လို့
တစ်ခါတုန်းက အဖြစ်အပျက် လေးတစ်ခုကို သတိရ မိပါတယ်။ ဆယ်တန်းကျောင်း သားဘ၀က ဖြစ်ပါလိမ့်မယ်။ တစ်နေ့ ကျနော်နဲ့ ညီငယ်
(ဆရာဦးသိန်းဝင်းသား) တို့ နှစ်ဦး ကျောင်းနံဘေးက ကြံရည်ဆိုင်မှာ ထိုင်ပြီး
ဆေးလိပ်ဖွာကြတယ်။ ခါတိုင်းလည်း အခုလို ဆေးလိပ် ခိုးသောက်နေကြ ပေ
မယ့် ဒီနေ့မှ တိုက်တိုက်ဆိုင်ဆိုင် ညီငယ့်အဖေ ဆရာ ဦးသိန်းဝင်းလက်ဖက်ရည် လာသောက်တော့ ပက်ပင်း တိုးမိပါလေရော။
ဆရာ ဆိုင်ပေါက်ဝက ၀င်လာတာကို ဖျတ်ခနဲ တွေ့ လိုက်ရတဲ့ ကျနော်က
လက်ထဲက ဆေးလိပ်ကို ပစ်ချ၊ခြေထောက်နဲ့ ဖိနင်းထားပြီး ညီငယ်လက်ထဲက
ဆေးလိပ်ကိုလည်း ပုတ်ချလိုက်ပါတယ်။ ဒါပေမဲ့ ဆေးလိပ်ဆိုတာ ဘယ်လောက်ပဲ ခိုးသောက်ပါစေ အငွေ့တော့ ထွက်စမြဲ မို့ ကျနော်တို့ နှစ်ယောက် အနီးမှာ မီးခိုးငွေ့တွေ ရစ်သိုင်းနေပါတယ်။ ဆရာဦးသိန်းဝင်းက ခပ်တည်တည်နဲ့ လက်ဖက်ရည် တစ်ခွက် လှမ်းမှာ ၊ကျနော်တို့ ၀ိုင်းမှာ ၀င်ထိုင်လိုက်ပြီး အခုလိုပြောပါတယ်။
´ဒီနေ့..အထက(၃) နဲ့ အနီးတ၀ိုက်မှာ တိမ် ထူထပ်နေပါလား ဟေ့..ငါ
နားရင်းအုပ်လိုက် ရရင်တော့ နင်တို့နှစ်ကောင် မျက်ဝန်းထဲ မိုးတွေ ရွာတော့မယ်၊ သွား...ကိုယ့်အခန်း ကိုယ်သွားကြစမ်း...လက်ဖက်ရည်ဖိုး ငါရှင်းလိုက် မယ်´ တဲ့။
တော်တော် ချစ်စရာ ကောင်းတဲ့ ဆရာ။
`ညီငယ် နဲ့ သူ့ဖခင် ဆရာ ဦးသိန်းဝင်းသို့ အမှတ်တရ´

photos sent by ko myat shein