ဘ၀လမ်းညွန် တို့ကျောင်းတော်

Monday, April 14, 2014

`စတိတ်နေ့ရက်များ(၂၃)´ by ko myat shein

`စတိတ်နေ့ရက်များ(၂၃)´
ဒီဘက်ခေတ် ကလေးတွေ ကြီးပြင်းလာ တဲ့အခါ ဘယ်လိုနေမလဲ တော့မသိဘူး။ ကျနော်တော့ ဒီအသက်အရွယ်ထိ ကိုယ့်ငယ်ဆရာတွေကို လေးစားနေဆဲပါပဲ။တစ်ခါတရံ ဆေးလိပ်သောက်နေရင်း ကိုယ့်ဆရာတွေ တွေ့ရင် ဆေးလိပ်ကို ၀ှက်တန်ဝှက်၊ ပစ်ချတန် ပစ်ချရတာပါပဲ။အထူးသဖြင့်
ဆေးလိပ်သောက်နေတုန်း ပက်ပင်း အတိုးမိဆုံး ကတော့ ကျနော့် အဒေါ် အင်္ဂလိပ် ဆရာမ ဒေါ်ကြွေနဲ့ တစ်အိမ်ကျော် မှာနေတဲ့ Physic ဆရာမ ဒေါ်
တင်တင်မြင့် ပါပဲ။ အိမ်မှာတောင် ဆေးလိပ်သောက်တဲ့ ကျနော်ဟာ ဒီဆရာမတွေရှေ့ ရောက်လို့ကတော့ အဖြူအစိမ်းဝတ် ကျောင်းသားလေး တစ်ယောက်ပြန်ဖြစ်သွားပါတော့တယ်။ ကြောက်တာတော့ မဟုတ် ဘူးပေါ့၊လေးစားတာ၊အရိုသေ မတန်ချင်တာပါ။ ဆေးလိပ်သောက်တာနဲ့ ပတ်သက်လို့
တစ်ခါတုန်းက အဖြစ်အပျက် လေးတစ်ခုကို သတိရ မိပါတယ်။ ဆယ်တန်းကျောင်း သားဘ၀က ဖြစ်ပါလိမ့်မယ်။ တစ်နေ့ ကျနော်နဲ့ ညီငယ်
(ဆရာဦးသိန်းဝင်းသား) တို့ နှစ်ဦး ကျောင်းနံဘေးက ကြံရည်ဆိုင်မှာ ထိုင်ပြီး
ဆေးလိပ်ဖွာကြတယ်။ ခါတိုင်းလည်း အခုလို ဆေးလိပ် ခိုးသောက်နေကြ ပေ
မယ့် ဒီနေ့မှ တိုက်တိုက်ဆိုင်ဆိုင် ညီငယ့်အဖေ ဆရာ ဦးသိန်းဝင်းလက်ဖက်ရည် လာသောက်တော့ ပက်ပင်း တိုးမိပါလေရော။
ဆရာ ဆိုင်ပေါက်ဝက ၀င်လာတာကို ဖျတ်ခနဲ တွေ့ လိုက်ရတဲ့ ကျနော်က
လက်ထဲက ဆေးလိပ်ကို ပစ်ချ၊ခြေထောက်နဲ့ ဖိနင်းထားပြီး ညီငယ်လက်ထဲက
ဆေးလိပ်ကိုလည်း ပုတ်ချလိုက်ပါတယ်။ ဒါပေမဲ့ ဆေးလိပ်ဆိုတာ ဘယ်လောက်ပဲ ခိုးသောက်ပါစေ အငွေ့တော့ ထွက်စမြဲ မို့ ကျနော်တို့ နှစ်ယောက် အနီးမှာ မီးခိုးငွေ့တွေ ရစ်သိုင်းနေပါတယ်။ ဆရာဦးသိန်းဝင်းက ခပ်တည်တည်နဲ့ လက်ဖက်ရည် တစ်ခွက် လှမ်းမှာ ၊ကျနော်တို့ ၀ိုင်းမှာ ၀င်ထိုင်လိုက်ပြီး အခုလိုပြောပါတယ်။
´ဒီနေ့..အထက(၃) နဲ့ အနီးတ၀ိုက်မှာ တိမ် ထူထပ်နေပါလား ဟေ့..ငါ
နားရင်းအုပ်လိုက် ရရင်တော့ နင်တို့နှစ်ကောင် မျက်ဝန်းထဲ မိုးတွေ ရွာတော့မယ်၊ သွား...ကိုယ့်အခန်း ကိုယ်သွားကြစမ်း...လက်ဖက်ရည်ဖိုး ငါရှင်းလိုက် မယ်´ တဲ့။
တော်တော် ချစ်စရာ ကောင်းတဲ့ ဆရာ။
`ညီငယ် နဲ့ သူ့ဖခင် ဆရာ ဦးသိန်းဝင်းသို့ အမှတ်တရ´

No comments:

Post a Comment