`စတိတ်နေ့ရက်များ(၂)´
တစ်လောက မထင်မှတ်ပဲ ကျောင်းထဲ ပြန်လည်ရောက်ရှိ ခဲ့ပါတယ်။ နှစ်ပေါင်းနှစ်ဆယ်ကျော် ကြာမှ တစ်ကြိမ် ပြန်လည်ရောက်ရှိခဲ့ပေမယ့် ကျောင်းတော်ကြီးဟာ ထူးထူးခြားခြား ဘာမှပြောင်းလဲမသွားဘူး။ကျွန်တော်တို့သာ အချိန်ကာလတိုက်စားမှုအောက်မှာ နုနယ်ပျိုမျစ်ခြင်းတွေ စတေးခဲ့ရတယ်။ ဒီနေ့က ကျွန်တော့်မှာ ကင်မရာလေးတစ်လုံး အသင့်ပါလာတယ်။
ဖွင့်ထားတဲ့ ဂိတ်ပေါက်က ကျောင်းထဲကို အညှို့ခံလိုက်ရသူလို ကျွန်တော် ၀င်ရောက်သွားပါတယ်။ ဒီနောက် ကျွန်တော့် ကင်မရာက
လျှပ်စီးလက်သလို မီးတွေ တဖျတ်ဖျတ် ပွင့်ကုန်ပါတယ်။ ကျွန်တော် သူငယ်တန်းက ဆယ်တန်းထိ တက်ရောက်ခဲ့တဲ့ အခန်းတွေ၊
အပျိုရည်မပျက်သေးတဲ့ ဘတ်စကက်ဘောကွင်းဟောင်း၊မကြာခဏ မတ်တပ်ရပ် ပြစ်ဒဏ်ပေးခံရတဲ့ ကျောင်းရှေ့ကအလံတိုင် နဲ့
ကျောင်းမြောက်ဘက်က တံတိုင်းကြီး။ ဒီရှစ်ပေလောက်မြင့်တဲ့ တံတိုင်းကြီးကို ကျွန်တော်တို့က ဘာလင်တံတိုင်းကြီးလို့ အမည်ဝှက်ပေးထားကြတယ်။ တံတိုင်းကြီးရဲ့ အပြင်ဘက်ကတော့ အနောက်ဂျာမနီ(သို့)လွတ်မြောက်နယ်မြေပေါ့။ ကျွန်တော်တို့ခေတ်က
ကျောင်းပြေးရင် ဒီတံတိုင်းကြီးပေါ်က ခုန်ချကြတာပဲ။ဒီလို ခုန်ချတဲ့အခါ အကျမနာစေဖို့ အမျှော်အမြင်ရှိတဲ့ ကျောင်းသားကြီးတွေက
တံတိုင်းအောက်မှာ ကောက်ရိုးတွေ၊လွှစာမှုန့်တွေ ခင်းပေးထားကြပါတယ်။ များမကြာမီ ဒီသတင်းဟာ ဘယ်သူ့ဆီက၊ဘယ်လိုပေါက်ကြား
သွားသလဲမသိဘူး၊ဘာလင်တံတိုင်းကြီးတစ်လျှောက် ဆရာကြီးက သံဆူးကြိုးအထပ်ထပ် ကာရံလိုက်ပါတယ်။ဝေးကြပြီပေါ့ အနောက်ဂျာမနီ။
ဒီနေ့ကကျွန်တော် ဘာလင်တံတိုင်းကြီး ကိုရှုထောင့်ပေါင်းစုံက ပုံပေါင်းမြောက်များစွာ ရိုက်နေမိပါတယ်။ ဒီအချိန်မှာ မိုကောင်းကင်တစ်ခွင်လုံး တိမ်ညစ်ညိုတွေ တလိမ့်လိမ့် တက်လာတယ်။ လက်ပတ်နာရီကို ငုံ့ကြည့်လိုက်တော့ ညနေ သုံးနာရီခွဲတိတိ။
အလို...ကျောင်းဆင်းချိန်တောင်ရောက်ပြီပဲ။ ဦးထွန်းကြည်တစ်ယောက် ခေါင်းလောင်းထိုးဖို့မေ့များမေ့နေပြီလားမသိ။
No comments:
Post a Comment